Pages

Sunday, November 29, 2015

​ေမြာက်ဥက္ကလာတွင် နေအိမ်ခုနစ်လုံး မီးလောင်မိန်းကလေးငယ်တစ်ဦး မီးလောင်သေဆုံး

 ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (ဋ)ရပ်ကွက် တွင် ယနေ့နံနက် ဝဝ နာရီ မိနစ် ၄ဝ ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ နေအိမ်ခုနစ်လုံး မီးလောင်ကျွမ်းပြီး မိန်းကလေးငယ်တစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါရပ်ကွက် သပြေခြံ(ကျူးကျော်)ရှိ အိမ်ရှင် ဒေါ်သန်းသန်းဝင်း၏ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း တစ်ထပ်နေအိမ်အတွင်းရှိ ရေစုပ်စက်မော်တာ ဆားဗစ်ကြိုး အပူလွန်ကဲရာမှ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်၍ အနီးရှိ ထရံကို မီးစွဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး အနီးရှိ နေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

''မီးတောက်တွေ ထွက်လာတော့မှ ပတ်ဝန်းကျင်က သိတာ၊ မီးလောင်တာ အရမ်းမြန်တော့ အနီးဝန်းကျင် အိမ်တွေက ကလေးနဲ့အမျိုးသမီးတွေ ထွက်ပြေးကြတယ်။ အမျိုးသားတွေကတော့ မီးသတ်သမားတွေနဲ့ အတူ မီးငြှိမ်းသတ်နေတာတွေ့ရတယ်''ဟု အဆိုပါမီးလောင်မှု အနီးရှိ ကိုမောင်ဝင်းက ပြောသည်။

မီးလောင်ရာသို့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၇၂ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင် ၅ဝ တို့က မီးငြှိမ်းသတ်ယာဉ် ၁၂ စီး၊ အုပ်ချုပ်မှုယာဉ် လေးစီး၊ တိုင်းကြက်ခြေနီတပ်ဖွဲ့မှ လူနာတင်ယာဉ် နှစ်စီးတို့ဖြင့် ငြှိမ်းသတ်ရာ နံနက် ၁ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း တစ်ထပ် နေအိမ်ခုနစ်လုံးနှင့် တစ်ခြမ်းမီးလောင်ခဲ့သဖြင့် တန်ဖိုးငွေကျပ် ၁ဝ၂ဝဝဝဝ ခန့် ဆုံးရှုံးခဲ့သည့်အပြင် စတင်လောင်ကျွမ်းသည့် နေအိမ်တစ်အိမ်ကျော်တွင် နေထိုင်သော ဦးဝင်းမြိုင်၏ သမီး မကေသီချို (၉) နှစ်သည် ၎င်း၏အိမ်အတွင်း၌ မီးလောင်သေဆုံးခဲ့သည်။

''မီးလောင်တဲ့ သတင်းရတာနဲ့ မီးသတ်ကားစေလွှတ်မှုကို Level – 1 အဆင့် လွှတ်ခဲ့တယ်။ လမ်းတွေက မီးသတ်ကားဝင်ဖို့ အခက်အခဲရှိလို့ တစ်စီးလောက်ပဲ ဝင်လို့ရခဲ့တယ်။ ကားဝင်လို့ရတဲ့ တစ်လမ်းကျော်ကနေ ပိုက်တွေဆက်ပြီး ငြှိမ်းသတ်ခဲ့ရတယ်။ တစ်အိမ်နဲ့တစ်အိမ် ကပ်နေတဲ့အပြင် ချောင်းနဲ့နီးတော့ လေတိုက်အား ကောင်းပြီး မီးလောင်တာမြန်လို့တစ်အိမ်ကျော်က ကလေးတစ်ဦး မီးလောင်ပြီး အသက်ဆုံးရှုံးခဲ့ရတယ်''ဟု ရန်ကုန် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသော်ဒါကပြောသည်။

မီးလောင်မှုကြောင့် အိမ်ထောင်စု ရှစ်စုမှ အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၃၁ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး သက်ဆိုင်ရာမှ အဆိုပါရပ်ကွက်အတွင်းရှိ ဗြဟ္မစိုရ်ဓမ္မာရုံ တွင် ခေတ္တမီးဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍ ကူညီ စောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိသည်။

ယင်းမီးလောင်မှုကြောင့် ဒေါ်သန်းသန်းဝင်းအား မြောက်ဥက္ကလာပမြို့မရဲစခန်းက ဥပဒေအရ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။


Posted via Blogaway

Saturday, November 28, 2015

ဗုဒ္ဓဘာသာဝင်​များဖတ်​သင့်​သည်


အမျိုး ဘာသာ သာသနာ ထိမ်းသိန်းစောင့်ရှောက်ရေး (ဗဟို)က
ထုတ်တဲ့ “သာကီသွေး” ဂျာနယ်ဖတ်ပြီးတော့ တစ်ခုသွားစဉ်းစားမိတယ်။
ဂျာနယ်တွေထဲမှာပါခဲ့တဲ့ ဗုဒ္ဓဘာသာကိုစော်ကား ပုတ်ခတ်တာတွေ၊
မျိုးစောင့်ဥပဒေနဲ့ ပက်သက်ပြီး ဝေဖန်စော်ကားခဲ့တာတွေကို
သာကီသွေးစာရေးဆရာတွေက တစ်ခုချင်းစီ ရှင်းလင်းဖော်ပြ
သွားတာ အရမ်းကောင်းတယ်ဗျာ။ ပြီးတော့ ဒီလို အမျိုးသားရေးကို
ဦးစားပေးပြီး ဖော်ပြတိုက်တွန်းတဲ့ မီဒီယာတွေအများကြီးရှိရင်
ကောင်းမယ်လို့ စဉ်းစားမိသလို အခုကျနော်တို့ကြုံနေရတဲ့ခေတ်
ကလဲ အင်္ဂလိပ်လက်ထက်တုန်းကလိုပါလား ဆိုပြီးစဉ်းစားမိတယ်။

၁၉၃၈ ခုနှစ်မှာ မော်လ၀ီရွှေဖီရေးတဲ့ စာအုပ်ကနေ ကုလား-မြန်မာ
အရေးအခင်းဖြစ်ပြီးတော့ အိန္ဒိယကထုတ်တဲ့ သတင်းစာတွေနဲ့
မြန်မာနိုင်ငံတွင်းက ကုလားပိုင်တဲ့ သတင်းစာတွေကနေ ဗုဒ္ဓဘာသာ
တွေ လွန်တယ်ဆိုတဲ့အကြောင်းရေး၊ မျိုးချစ်မြန်မာသတင်းစာတွေ
ကလဲ ဗုဒ္ဓဘာသာတွေကိုစော်ကားထားတဲ့ အချက်တွေကိုထောက်ပြနဲ့
နှစ်အတော်ကြာတဲ့အထိ မီဒီယာတိုက်ပွဲဖြစ်ခဲ့သေးတယ်။

နောက်တော့ ၁၉၆၀-ခုနှစ်မှာ ဘင်္ဂလီတွေက “ရိုဟင်ဂျာ”လူမျိုးတုကို
လုပ်ကြံဖန်တီးတော့ မွတ်စလင်ပိုင်သတင်းစာတွေကနေ ရိုဟင်ဂျာ
လူမျိုးသမိုင်းကြောင်းဆိုတဲ့ ဆောင်းပါးတွေ ရေးခဲ့ကြတယ်။ သတင်းစာ
ရှင်းလင်းပွဲတွေ လုပ်ခဲ့ကြတယ်။

အခုလဲဘာထူးလို့လဲ မွတ်စလင်တွေက မီဒီယာတွေကိုသုံးပြီး သူတို့
ကောင်းကြောင်းပြောခိုင်း နေကြတာပဲ။ အထူးသဖြင့် ဒီဘက်ခေတ်မှာ
ဂျာနယ်တွေကို သုံးပြီးဝါဒဖြန့်တာ ပိုတောင်များလာပါသေးတယ်။

ဂျာနယ်ထောင်တဲ့သူကလဲ အမျိုးသားအကျိုးထက် ကိုယ့်ဆွေမျိုးအကျိုး
ပိုပြီးအလေးထားတော့ စော်ကားလို့ကောင်းတဲ့ခေတ်ဖြစ်လာတာပေါ့။

သာကီသွေးဂျာနယ်ထဲမှာ “သာသနာကိုပြစ်မှားစော်ကား ဆိတ်သိုးနံ့လှိုင်
နေတဲ့ သုံးသပ်ချက်များ” ဆိုပြီးတော့ မောင်သွေးချွန်ရေးထားတဲ့
ဆောင်းပါးက တော်တော်လေးကောင်းတယ်ဗျာ။

ဂျာနယ်ဆောင်းပါးရှင် “ထင်လင်းဦး (Wisdom Villa)” ရေးခဲ့တဲ့
“သွေးနုသားနု ဒီမိုကရေစီနိုင်ငံတော်သစ်နှင့် အခြားနိုင်ငံရေးဆောင်းပါးများ”
စာအုပ်ထဲမှာပါတဲ့ မျိုးစောင့်ဥပဒေနဲ့ အမျိုး ဘာသာ ကာကွယ်စောင့်ရှောက်ရေးကို
ဝေဖန်ထားတဲ့စာတွေကို တစ်ခုချင်းစီ ရှင်းထားတာ အရမ်းကောင်းတယ်ဗျာ။

သြ၀ါဒစရိယ ဆရာတော်ကြီးတွေရဲ့" မိန့်ကြားချက်တွေနဲ့ အမျိုးသားရေးကို
ဦးစားပေးတဲ့ ဂျာနယ်တစ်စောင်ပါ။ ဒီလိုဂျာနယ်မျိုး ခုချိန်မှာ အများကြီးထွက်
ပေါ်လာဖို့ လိုတယ်လို့ထင်ပါတယ်။ ရေရှည်တည်တံ့အောင်လဲ ကြိုးစားကြရ
မယ်လို့ထင်ပါတယ်။

ကျနော်တို့ မြန်မာဗုဒ္ဓဘာသာတွေအနေနဲ့လဲ ဒီလိုစာစောင်မျိုးကို ဖတ်ရှုသင့်ပါတယ်။


Posted via Blogaway

Thursday, November 26, 2015

သမီးဖြစ်သူကို အဓမ္မပြုကျင့်ရန် ကြံစည်သူကို အမှုဖွင့်ရာ ဖခင်ဖြစ်သူ ပိုင်နက်ကျူးလွန်မှုဖြင့် ပြန်လည်အမှုဖွင့်ခံရ

  သထုံမြို့ တွင် နေထိုင်လျက်ရှိသော လေးတန်း ကျောင်းသူ လေးအား အဓမ္မပြုကျင့်ရန ကြံစည်သူကို ဖခင်ဖြစ်သူမှ အမှု ဖွင့်ရာ တရားခံ မိသားစုမှ ပိုင်နက်ကျူးလွန်မှုဖြင့် ပြန်လည် တရားစွဲဆိုမှုတွင် လေးတန်းကျောင်းသူလေး၏ ဖခင်မှာ ရင် ဆိုင်နေရကြောင်း သိရသည်။  ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အသက်၁၀ နှစ်အရွယ် စတုတ္ထ တန်း ကျောင်းသူလေး ကို ကျောင်းကြိုကျောင်း ပို့ ဘေးတွဲ ဆိုက်ကယ် မောင်းနှင်သူ ကိုပြည့်ဖြိုးအောင် အသက်၂၂ မှ ကျောင်း ဆင်း ချိန်တွင် အိမ်သို့ပြန်လည် မပို့ဘဲ လူသူပြတ်လတ်သည့် သထုံမြို့ လေယာဉ်ကွင်း ဟောင်း ရှိရာနေရာ သို့ ခေါ်ဆောင်သွားကြောင်း၊ ယင်းလေယာဉ်ကွင်းပျက် အနီးတွင် အထက (၁) ကျောင်း အနောက်ဘက် အုတ်တံတိုင်းရှိရာသို့ စတုတ္ထတန်းကျောင်းသူလေးအားခေါ်ဆောင်သွားပြီး တရားခံ ကိုပြည့်ဖြိုးအောင်က နောက်ဆိုရင် နင်နေရမယ့်ကျောင်း ကို ပြမည်ဟုဆိုကာအုတ် တံတိုင်းတဖက် ကျောင်း အတွင်းဘက်သို့ ခေါ်ဆောင်ရန်ကြိုးပမ်းခဲ့ကြောင်း၊ ကလေး မှာကြောက်ရွံ့ ကာ နေအိမ် သို့ပြန်ပို့ရန်ပြောဆိုသောအခါ ဆိုက်ကယ်ရှိရာ သို့ပြန် လည် ခေါ်ဆောင်ကာ၊ ဆိုက်ကယ်ပေါ်တွင် ကလေးအားထိုင် ခိုင်းပြီး ကလေး၏ ခန္ဒာကိုယ်အနှံ့ ကို ပွတ်သတ်ကာ အဓမ္မပြု ကျင့်ရန် ကြိုးပမ်းခဲ့ကြောင်း၊ ကလေးမှာ ကြောက်လန့်ငိုယိုကာ အိမ်သို့သာ ပြန်လည်ပေး ပို့ရန် ပြောဆိုနေသဖြင့် နောက်ဆုံးတွင် အိမ်သို့ပြန်လိုက်ပို့ ခဲ့ကြောင်းသိရသည်။.  “အရင်တုန်းကဆိုရင် ၃နာရီ ကျောင်းဆင်းရင် အိမ်ကို ၃နာရီ ၁၅ လောက် ဆိုရောက်ပြီ၊ အဲ့နေ့က ၄နာရီထိုးခါနီးလောက်မှ ပြန် ရောက်တယ်။ ဆိုက်ကယ်ဘေးတွဲ မောင်းတဲ့သူက အရင်ဆို လမ်းထိပ်မှာပဲ ကလေးကို ဆင်းခိုင်းတာ အဲ့နေ့က အိမ်အထိ လိုက်ပို့တယ်။ ပြီးတော့ ဆိုက်ကယ်ပျက်လို့ နောက်ကျသွားတာပါ တောင်းပန်ပါတယ်ဆိုတဲ့ စကားကို အကြိမ်ကြိမ်ပြောတယ်။ ကလေးကလည်း ငိုမဲ့မဲ့ဖြစ်နေတယ်။ ပြီးတော့ အဲ့လူက မပြန်ပဲ အိမ်နားမှာ ၀ဲလည်ဝဲလည် လုပ်နေတယ်။ ဒါနဲ့ ကလေးကို မေးကြည့်တော့မှ အကုန်သိရတယ်။ အဓမ္မကျင့်ဖို့ပဲကြံတာ အထမမြောက်ဘူး ဆိုတော့မှ ကျွန်တော်တို့လည်း စိတ်အေးရတယ်” ဟု စတုတ္ထန်း ကျောင်းသူလေး၏ ဖခင်က ပြောကြားသည်။  ထိုဆိုက်ကယ် ဘေးတွဲမောင်းနှင်သူ ကိုပြည့်ဖြိုးအောင်မှာ တစ်ရပ် ကွက်ထဲတွင် နေထိုင်သူဖြစ်သဖြင့် နောက်နောင်တွင် တခြားသော ကလေးများကို အဓမ္မပြုကျင့်ရန် ကြံစည်မှုများ မဖြစ်စေရန်နှင့် ဆုံးမနိုင်ရန် ကိုပြည့်ဖြိုးအောင်၏ မိဘများထံသို့ သွားရောက်ကာ အဖြစ်အပျက်ကို ပြောကြားရာ မိဘများမှာ လက်မခံနိုင်ပဲ “ကလေးပြောတိုင်း လျှောက်မယုံနဲ့” ဟုပြောကြားကာ စတုတ္ထတန်း ကျောင်းသူလေး၏ ဖခင်ကို ထိုးကြိတ်ကျကြောင်း၊ ထို့ကြောင့် သထုံမြို့ နယ် ရဲစခန်းသို့ သွားရောက်ကာ ကိုပြည့်ဖြိုးအောင်၏ လုပ်ရပ်အပေါ် ခေါ်ယူဆုံးမပေးရန် တိုင်ကြားခဲ့ရာ စခန်းမှူးမှာ ဖြစ်စဉ်မှာ သာမာန် မဟုတ်သည့်အတွက် ကိုပြည့်ဖြိုးအောင်ကို ခေါ်ယူ စစ်ဆေးခဲ့ရာ ၀န်ခံသဖြင့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆/၅၁၁ဖြင့် အမှုဖွင့်ခဲ့ကြောင်း၊ ထိုသို့အမှုဖွင့်ပြီး လေးရက်ခန့်အကြာတွင် တရားခံ မိသားစု ဘက်မှ စတုတ္ထတန်း ကျောင်းသူလေး၏ ဖခင်အား ပုဒ်မ၄၅၁ ပိုင်နက်ကျူးလွန်မှု၊ ပုဒ်မ၃၂၃ နာကျင်စေမှုတို့ဖြင့် ပြန်လည် အမှုဖွင့်ခြင်းကို ခံရကြောင်း သိရသည်။ “ကျွန်တော် သူတို့ အိမ်ကို သွားတုန်းကလည်း ၀င်ခွင့်တောင်းပြီး မှ ၀င်တာပါ။ ကိုယ်ထိလက်ရောက်လုပ်ဖို့ မပြောနဲ့ လက်နဲ့တောင် မရည်ရွယ်ခဲ့ပါဘူး။ သူတို့သားကို နောက်နောင်ဒီလို အပြုအမူမျိုးတွေ မလုပ်အောင် မိဘတွေ အနေနဲ့ သွန်သင်ဆုံးမနိုင်အောင် သွားပြီး ပြောတာပဲရှိတာပါ။ ကိုယ်ထိလက်ရောက် ကျူးလွန်တာက သူတို့ ဘက်က ကျူးလွန်တာပါ။ ကျွန်တော် အခု အမှုဖွင့်တယ် ဆိုတာ ကလည်း စခန်းမှူးက အဓမ္မပြုကျင့်တဲ့ အဆင့်ကို ကျူးလွန်လို့ မရလိုက်ပေမယ့် အဓမ္မပြုကျင့်ဖို့ ကြိုးစားတဲ့အတွက် ပြစ်မှုမြောက် တယ် ဆိုလို့ပါ။ ကျွန်တော့်ကို တကယ်ထိုးတာကိုတောင် ကျွန်တော်က အမှုမဖွင့်ခဲ့ပါဘူး။ သူတို့ဘက်ကနေ ကျွန်တော့်ကို အမှုဖွင့်ချင်တယ်ဆိုရင် ကျွန်တော်တိုင်တဲ့ နေ့ကတည်းက တိုင် လို့ရတယ်။ သူတို့လာတောင်းပန်တာကို ကျွန်တော်က လက်မခံလို့ လေးရက်လောက်နေမှ အမှုကို ဖန်တီးပြီးဖွင့်တာ။” ဟု စတုတ္ထတန်း ကျောင်းသူလေး၏ ဖခင်က ပြောကြားသည်။ “ကလေးကို အဓမ္မပြုကျင့်ဖို့ ကြံစည်လို့ ပြစ်မှုမြောက်လို့ အမှုဖွင့် ပေး လိုက်တာပါ။ ဟိုဘက်က မိဘတွေက ဆေးစာတွေနဲ့ သူတို့ ကိုယ်ထိလက်ရောက် ကျူးလွန်ခံရတယ်လို့ ပြန်ပြီးတိုင်ကြား လာတဲ့အတွက် ကလေးရဲ့ ဖခင်ကို အမှုပြန်ဖွင့်လိုက်တာပါ။ ဥပဒေ အတိုင်းပဲ ကျွန်တော်တို့ လုပ်စရာရှိတာကို လုပ်ပေးတာပါ။”ဟု သထုံမြို့ နယ် ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယခုအခါ စတုတ္ထတန်း ကျောင်းသူလေးနှင့် သူမ၏ ဖခင်တို့ ရင်ဆိုင် နေရသော အမှုများကို ဖြေရှင်းရန် ရှေ့ နေမငှားရမ်းနိုင်သည့်အတွက် အစိုးရရှေ့ နေနှင့် အမှုကို ဖြေရှင်း နေရသော်လည်း ထိရောက်မှုမရှိ ဖြစ်နေကြောင်း၊ သထုံမြို့ တွင် ယခုကဲ့သို့ အသက် မပြည့်သေးသူ ကလေးသူငယ်များကို အဓမ္မပြုကျင့်မှုများစွာရှိပြီး ကလေးမိဘများမှာ အမှုမဖွင့်ရဲကြပဲ ငွေကြေးညှိုနှိုင်းခြင်းများဖြင့်သာ ပြီးဆုံးသွားသည်က များကြောင်း၊ ထိုသို့ အမှုမဖွင့်ပဲ ထားသဖြင့် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားသူများမှာ ပိုမိုအတင့်ရဲလာခြင်း ဖြစ်သောကြောင့် အမှုဖွင့်ကာ တိုင်ကြား လိုက်ခြင်း ဖြစ်ကြောင်း စတုတ္ထတန်းကျောင်းသူ၏ ဖခင်က ပြောကြားသည်။ “သထုံမှာက ဒီလိုအမှုတွေ အများကြီးပဲ။ တရားစွဲရင်လည်း အချိန် အကြာကြီးဆွဲပြီး စစ်တယ်။  နောက်ဆုံး ငွေနဲ့ ညှိုနှိုင်းတာနဲ့ပဲ ပြီးသွား တာက များတယ်။ တချို့ ကလေးတွေဆိုရင် ဖားကန့်က အနှိပ်ခန်း တွေကို အပို့ခံရတာတွေတောင်ရှိတယ်။ ခံလည်း ခံရသေးတယ် ပြီးရင် ငွေရှိတဲ့လူတွေကပဲ နိုင်သွားတာက များနေတယ်” ဟုလည်း စတုတ္ထတန်း ကျောင်းသူ၏ ဖခင်ကထည့်သွင်းပြောကြားသည်။
Posted via Blogaway

စစ်တပ် နဲ့ NLD ပြေလည်ဖို့ အရေးကြီး


 ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က သူဟာ သမ္မတရာထူး အထက်ကနေမယ်လို့ ပြောကြားလိုက်တာဟာ မြန်မာနိုင်ငံ လက်ရှိ ဖွဲ့စည်းပုံအခြခံဥပဒေရဲ့  အားနည်းညံ့ဖျင်းမှု ကို ဖော်ပြလိုက်ခြင်းဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု Carnegie Institute က အာရှရေးရာ အကြီးတန်းသုတေသီ Vikram Nehru (ဗီကရမ်း နေရူး) က ပြောကြားလိုက်ပါတယ်။ ရွေးကောက်ပွဲလွန် မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုတွေအကြောင်း Mr Nehru  နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ချောချောမွေ့မွေ့ ပြီးဆုံးသွားခဲ့ပါပြီ။ ကျန် ပဋိပက္ခလွန် နိုင်ငံတော်တော်များများလည်း အများကြီး ချောချောမောမော ပြီးဆုံးသွားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ မြန်မာပြည်သူတွေက စိတ်သက်သာမှု မရသေးပါဘူး။ သက်ပြင်းမချနိုင်ကြသေးပါဘူး။ အာဏာလွှဲဖို့အတွက် ဘယ်လို အခက်အခဲတွေ ကြုံရအုံးမလဲဆိုတာကို စိုးတထိတ်ထိတ်နဲ့ စောင့်စားနေရချိန် ဖြစ်ပါတယ်။ ဒီရေတိုမှာ တွေ့လာရမယ့် စိန်ခေါ်မှုတွေ အများကြီး ရှိနေသေးတယ်လို့ ထင်ပါတယ်။ မစ္စတာနေရူး ဒီကိစ္စကို ဘယ်လို သဘောရပါလဲ။

Mr. Nehru ။ ။ ပထမဆုံး သိထားရမှာကတော့ အသွင်ကူးပြောင်းရေးဟာ (၃) လ ကနေ (၄) လ ကြာမြင့်မယ်ဆိုတာပါ။ လွှတ်တော်သစ် ခေါ်ရမယ်။ လွှတ်တော်ဟောင်းကို ဖျက်သိမ်းရပါမယ်။ ဒါက ဇန်နဝါရီမှ ဖြစ်မှာပါ။ သမ္မတ ရွေးချယ်ခွင့် လုပ်ရမယ်။ နောက်ဆုံး မတ်လနှောင်း ဧပြီအစောပိုင်းလောက်ကျမှ အစိုးရသစ်တရပ် ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ ဆိုတော့ အချိန်က အကြာကြီးပါ။ ဒီကြားထဲမှာ ဖြစ်လာနိုင်တာတွေ အများကြီးပါ။ ဒါပေမဲ့ သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့  အောင်မြင်မှုအတွက် ချီးကျူးဂုဏ်ပြုတာ၊ ဒေါ်အောင်ဆန်းစုကြည် က ဦးသိန်းစိန်၊ ကာချုပ် မင်းအောင်လှိုင်၊ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းတို့နဲ့ တွေ့ဆုံဖို့ ကမ်းလှမ်းတာတွေက သိပ်အားတတ်စရာ ကောင်းပါတယ်။ စုပေါင်းဆုံးဖြတ်ကြရမယ့်ကိစ္စတွေ အများကြီး ရှိနေသေးတဲ့အတွက် တစ်ခါမက ပုံမှန်တွေ့ကြဖို့ လိုမယ်လို့ ထင်ပါတယ်။ 

ဦးကျော်ဇံသာ ။ ။ မြန်မာပြည်မှာ ဘာဖြစ်လို့ ဒီလောက်ကြသလဲ။ အာဏာလွှဲပြောင်းပေးရေး။ တခြား ပဋိပက္ခလွန် နိုင်ငံတွေမှာကော ဒီလိုပဲ ကြာမြင့်ခဲ့ပါလား။

Mr. Nehru ။ ။ ဒါကတော့ မြန်မာနိုင်ငံမှာပဲ ထူးထူးခြားခြား ဖြစ်နေတာပါ။ တခြားနိုင်ငံတွေမှာတော့ ကွဲပြားတဲ့ဥပဒေ၊ နည်းဥပဒေတွေနဲ့ပါ။ ဒါပေမဲ့ အခုအချိန်အထိ ချောချောမွေ့မွေ့ ရှိနေတယ်ဆိုတာကို ကျနော် သဘောတူပါတယ်။ ၁၉၉၀ တုန်းက ဖြစ်သွားသလို မဖြစ်ဖို့။ နှစ်ဘက်စလုံးက စိတ်ကောင်းစေတနာနဲ့ လုပ်ဆောင်ဖို့တော့ ကျနော်တို့ စောင့်စားကြရမှာပါ။ အထင်ကရ ပါတီကြီးရဲ့  ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း မိန့်ခွန်းတွေ ပြောဆိုတဲ့အခါ၊ မီဒီယာတွေကို ပြောတဲ့အခါ အသုံးအနှုန်းတွေကို ဆင်ဆင်ခြင်ခြင် သုံးဖို့လည်း သိပ်အရေးကြီးတယ်လို့ ထင်ပါတယ်။ ပြည်သူတရပ်လုံး၊ လူနည်းစုတွေ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ၊ စစ်တပ်ကလူတွေ အားလုံးအကြုံဝင်မယ့် အစိုးရဖြစ်မယ်ဆိုတာ ပြသဖို့ လိုပါလိမ့်မယ်။ အဓိက ပြဿနာတွေကို ယုံကြည်မှုရှိရှိ၊ အရည်အချင်း ပြည့်ပြည့်ဝဝနဲ့ ဖြေရှင်းသွားနိုင်မယ်လို့လဲ လူတွေ ယုံကြည်စိတ်ချဖို့ အရေးကြီးပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့  စကားအသုံးအနှုန်းကိစ္စကို မပြောခင်၊ ကျနော် တစ်ခု မေးချင်တာက အခုလို အာဏာလွှဲပြောင်းရေး ကြန့်ကြာအောင် လုပ်ထားတာဟာ တမင်တကာ ရည်ရွယ်ချက်ရှိရှိ လုပ်ထားတယ်လို့များ မထင်နိုင်ဘူးလား။ တချို့ က အဲဒီလို စဉ်းစားနေကြတယ်။ တမင်တကာ ရည်ရွယ်ချက်ရှိရှိ၊ နှေးနှေးကွေးကွေး လုပ်ထားတယ်ဆိုပြီးတော့။

Mr. Nehru ။ ။ ဒါဟာ ဖွဲ့စည်းပုံမှာတင် ပါရှိနေတာပါ။ ဆိုတော့ တနည်းအားဖြင့် တမင်လုပ်ထားတာပါ။ အမေရိကန်ပြည်ထောင်စုမှာလည်း ကြာပါတယ်။ နိုဝင်ဘာမှာ သမ္မတ ရွေးကောက်ပွဲလုပ်တယ်။ သမ္မတသစ် ရယူဖို့အထိ အဆင့်ဆင့်လုပ်တာ၊ ဇန်နဝါရီအထိ ကြာမြင့်ပါတယ်။ မြန်မာပြည်မှာတော့ ဒီထက်နည်းနည်း ပိုကြာပါတယ်။ တဖက်ကကြည့်ရင်လဲ ဒီလိုကြာတာ ကောင်းပါတယ်။ သိတဲ့အတိုင်းပဲ မြန်မာပြည်မှာ အတိုက်ခံဆိုတာ နိုင်ငံရေး Serbia အပို့ခံထားခဲ့ရတာ ဆယ်စုနှစ် (၆) ခု ရှိခဲ့ပါပြီ။ ဆိုတော့ အုပ်ချုပ်ရေးကို လွှဲပြောင်းမရယူခင်၊ လေ့လာချိန်၊ ပြင်ဆင်ချိန် ပိုရတယ်လို့ ယူဆနိုင်ပါတယ်။ NLD ဘက်ကလည်း ဒီ (၃) လကို အကျိုးရှိရှိ အသုံးချပြီး အာဏာလွှဲပြောင်းယူတဲ့အခါ မှန်မှန်ကန်ကန် ဆုံးဖြတ်လာနိုင်မှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုန ခင်များပြောသွားတာကို ပြန်ကောက်ရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  စကားအသုံးအနှုန်း ဆင်ခြင်သင့်တယ်ဆိုတဲ့ကိစ္စ။ ဟုတ်ပါတယ် ဒေါ်အောင်ဆန်းစုကြည်က Above the President သူဟာ သမ္မတအထက်ကနေမယ်လို့ ပြောခဲ့ပါတယ်။ ဒါဟာ မပြောသင့်တဲ့စကားလုံး မစ္စတာနေရူး ထင်သလား။ အချိန်စောနေတယ်လို့ ထင်သလား။ သို့တည်မဟုတ် ဒီလိုပြောလိုက်လို့ ဘယ်လို ထိခိုက်နိုင်မယ်လို့ ပြောပါအုံး။

Mr. Nehru ။ ။ သူ ဒါကို ပြောလိုက်တာ လုံးဝဥဿုံ ပွင့်လင်းမြင်သာမှု ရှိတယ်ဆိုတာကို ပြသလိုက်တယ်သဘောကို တွေ့ရပါတယ်။ သူဟာ (၈၀) ရာခိုင်နှုန်းလောက် အနိုင်ရတဲ့ ပါတီဥက္ကဋ္ဌ ဖြစ်ပေမယ့် သမ္မတ မဖြစ်နိုင်အောင် ဖွဲ့စည်းပုံက ပိတ်ပင်ထားပါတယ်။ ဆိုတော့ သူ ဒီလို ပြောလိုက်တာဟာ လက်ရှိ ဖွဲ့စည်းပုံဥပဒေဟာ ဘယ်လောက် အဓိပ္ပါယ်မရှိဘူးဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူဟာ ခေါင်းဆောင်ဖြစ်တယ်။ ခေါင်းဆောင်အဖြစ် ဆက်နေသွားမယ်ဆိုတာကိုလည်း ပွင့်ပွင့်လင်းလင်း ဖော်ထုတ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီလို ပြောပြီးတဲ့နောက် ရှေ့ ကိုဆက်ပြီး အလေးအနက် ပြောသင့်တာက သူဟာ လူ့အဖွဲ့အစည်းရဲ့  အလွှာတိုင်းကို ကိုယ်စားပြုမယ်ဆိုတာ။ အရည်အချင်းရှိသူတွေနဲ့ ဖွဲ့စည်းဆောင်ရွက်သွားမယ်ဆိုတာတွေ ပြောသင့်ပါတယ်။ သူတယောက်တည်းလုပ်လို့ မရနိုင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ နောက် ရေတိုစိန်ခေါ်မှု တစ်ရပ်ကတော့ စစ်တပ်က အခုလောလောဆယ်မှာကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တွေမှာ ထိုးစစ်တွေ ဆင်နေတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါဟာ ဘာကြောင့် လုပ်နေတာလဲ။ ဖွဲ့စည်းပုံကလည်း တိုင်းပြည်အခြေအနေ မတည်ငြိမ်ဘူးလို့ စစ်တပ်က ယူဆခဲ့ရင်၊ ကာချုပ်က ထိန်းသိမ်းထားနိုင်တယ်လို့ ပြဌာန်းပေးထားပါတယ်။ ကိုးကန့်မှာ ဒီနမူနာမျိုး သူတို့ လုပ်ပြခဲ့ပါပြီ။ အခုလောလောဆယ် ထိုးစစ်ဆင်နေတဲ့ကိစ္စတွေက ဒီ စစ်တပ်အနေနဲ့ တစုံတခု ရည်ရွယ်ချက်နဲ့ တမင်တကာ လုပ်နေတာလား။ အကြောင်းပြဖို့၊ ရမယ်ရှာဖို့ လုပ်နေသလားဆိုတာလဲ တချို့ က တွေးကြပါတယ်။ မစ္စတာနေရူး ဘယ်လို ဒီကိစ္စကို ထင်ပါလဲ။

Mr. Nehru ။ ။ မြန်မာနိုင်ငံမှာ စစ်တပ်ဟာ သိပ်အရေးကြီးတဲ့ အင်အားတရပ် ဖြစ်ပါတယ်။ လွှတ်တော်မှာ (၂၅) ရာခိုင်နှုန်း ယူထားတယ်။ ကာကွယ်ရေး၊ နယ်စပ်ရေးရာ နဲ့ ပြည်ထဲရေးတို့ကို စစ်တပ်က ယူထားပါတယ်။ တိုင်းပြည်မှာ တည်ငြိမ်ရေးပြဿနာ ရှိလာရင် စစ်တပ်က ထိန်းချုပ်နိုင်တယ်ဆိုပြီး၊ ဖွဲ့စည်းပုံမှာ ပြဌာန်းထားပါတယ်။ အခု ရွေးကောက်ပွဲဆိုတာက ဖြစ်စဉ်တရပ်လုံးရဲ့  ပထမအဆင့်ပါ။ ဆက်လုပ်ရမယ့်ဟာတွေ အများကြီး၊ အဝေးကြီး ရှိပါသေးတယ်။ ဒီဖြစ်စဉ်တွေမှာ စစ်တပ်က လွှမ်းမိုးနေမှာပါ။ သူတို့ စိတ်ချလက်ချ မဖြစ်နိုင်ဘူးဆိုရင် အချိန်မရွေး ဝင်ရောက်ထိန်းသိမ်းနိုင်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်နဲ့ သဟဇာတဖြစ်အောင် ဆောင်ရွက်ဖို့ သိပ်အရေးကြီးပါတယ်။ စစ်တပ်ဟာလည်း ဒေါ်အောင်ဆန်းစုကြည်လို၊ NLD လိုပဲ ငြိမ်းချမ်းရေး လိုချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီနေရာမှာ ကျနော် စောစောက မေးခဲ့တဲ့ မေးခွန်းရဲ့  အဓိက သိချင်တာကတော့ အခုလို လောလောဆယ်မှာ ထိုးစစ်တွေ ဆင်နေတာ ဘာရည်ရွယ်ချက်လဲဆိုတာကို စူးစမ်းချင်တဲ့ သဘောဖြစ်ပါတယ်။

Mr. Nehru ။ ။ ဒီအတွက် အဖြေကို ကျမ တိတိကျကျ ဘာမှမသိပါဘူး။ အကြောင်းအမျိုးမျိုး ရှိပါလိမ့်မယ်။ တကယ့် အောက်ခြေမှာ ပေါ်ပေါက်လာတဲ့ အခြေအနေတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အရေးတကြီး သိထားရမယ့် အချက်တချက်က မြန်မာပြည်မှာ ဒေသဆိုင်ရာ တပ်မှူးတိုင်းမှူးတွေက သူတို့သဘောနဲ့ သူတို့ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ဆောင်ရွက်ကြတာလည်း အများကြီးဆိုတဲ့ အချက်ပါ။ တိုင်းမှူးတွေဟာ သူတို့ ငွေကြေးအင်အားနဲ့ သူတို့ဝင်ငွေ အရင်းအမြစ်နဲ့ပါ။ ဗဟိုနဲ့ အဆက်အသွယ်လည်း သိပ်မလွယ်လှပါဘူး။ ဒီလိုပါပဲ သူတို့သဘောနဲ့ သူတို့ ဆုံးဖြတ်ကြတာတွေ ရှိပါတယ်။ အချိန်ကြာမြင့်လာရင်တော့ ဒါကိုလဲ ပြောင်းလဲရမှာပါ။ တချိန်တည်းမှာပဲ အခုအချိန်ဟာ ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် အတိမ်အစောင်း မခံနိုင်တဲ့ အချိန်ပါ။ သိပ်အကဲဆတ်တဲ့ အချိန်ပါ။ ဒါကို နှစ်ဘက်စလုံးက နားလည်သဘောပေါက်ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြရမယ့် အချိန်လည်း ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ရေရှည်စိန်ခေါ်မှုထဲက မေးခွန်းတခုကိုလည်း မေးချင်ပါတယ်။ ရေရှည်မှာ အခုလောလောဆယ် ဖွဲ့စည်းပုံအရ အနိုင်ရတဲ့ အတိုက်အခံပါတီ အာဏာလွှဲပြောင်း ရယူပြီးသည့်တိုင်အောင် စစ်တပ်ဟာ အုပ်ချုပ်ရေးယန္တရားမှာ နေရာတော်တော်များများ ကြီးစိုးထားမှာ ဖြစ်ပါတယ်။ ကျနော်တို့ အစောက ဆွေးနွေးခဲ့သလို။ ဆိုတော့ စစ်တပ်ဟာ ဒီလိုလွှမ်းမိုးမှုကနေ တဖြည်းဖြည်း နောက်ဆုတ်သွားအောင် ဆောင်ရွက်ဖို့ ကိစ္စ။ NLD အနေနဲ့ အနာဂတ်မှာ လွယ်လင့်တကူ ဆောင်ရွက်ဖို့ ဖြစ်နိုင်လိမ့်မယ်လို့ ထင်ပါလား။

Mr. Nehru ။ ။ အချိန်ယူရလိမ့်မယ် ထင်ပါတယ်။ စစ်တပ်အနေနဲ့ စိတ်ချလက်ချဖြစ်ဖို့ လိုအပ်ပါတယ်။ အရပ်သားအစိုးရဟာ သူတို့ စစ်တပ်အကျိုးကို ကာကွယ်လိမ့်မယ်ဆိုတာကို ယုံကြည်သွားဖို့ လိုပါတယ်။ နိုင်ငံတော်ဘတ်ဂျက်မှာ စစ်တပ်အတွက် ခွဲဝေပေးမှုကို အနီးကပ် စောင့်ကြည့်ပါလိမ့်မယ်။ တိုင်းပြည်ရဲ့ နယ်မြေ တည်တန့်ခိုင်မြဲရေး၊ အချုပ်အခြာအာဏာ ကာကွယ်ရေးကို သူတို့ပဲ လုပ်နိုင်တယ်လို့ စစ်တပ်က ခံယူလာတာပါ။ ဆိုတော့ နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေးတည်ငြိမ်မှုတွေ တိုးတက်ဖွံ့ဖြိုးလာအောင် လုပ်လာနိုင်တာနဲ့အမျှ စစ်တပ်ရဲ့  အခန်းကဏ္ဍ တဖြည်းဖြည်း လျော့နည်းသွားလိမ့်မယ်လို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ဘယ်တိုင်းရင်းသားအင်အားစုကမှ ခွဲထွက်မယ့်စကားကို မပြောကြပါဘူး။ ပြည်ထောင်စု ပြိုကွဲရေးဆိုတာလဲ စဉ်းစားစရာ မလိုတော့ဘူး။ ဒါကို စိုးရိမ်နေတယ်ဆိုတာလဲ အခြေအမြစ်မရှိတဲ့ စိုးရိမ်မှုပါ။ မြန်မာပြည်သူတွေသာမက သုံးသပ်သူတွေကလည်း ဒီအတိုင်းပဲ ပြောနေကြပါပြီ။ ဒါကိုမှ ပြည်ထောင်စု ပြိုကွဲမှာ စိုးရိမ်လို့ ငါတို့ ဆက်လက်ပြီး ရှိနေမယ်ဆိုတာကတော့ သက်သက်မဲ့ အာဏာယူထားချင်လို့ ရမယ်ရှာတာ၊ အကြောင်းပြတာဆိုပြီး လူတွေက သုံးသပ်ကြပါတယ်။ ဒါကို ဘာပြောချင်ပါလဲ။

Mr. Nehru ။ ။ ကျနော့်သဘော ပြောရရင်တော့ ဒီအချက်မှာ ကောင်းတာတချက်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး စေ့စပ်မှုကို အရှိန်မပြတ် ဆက်လုပ်ဖို့ကိစ္စ။ စစ်မှန်တဲ့ သဘောတူညီချက်။ ပြည်လုံးကျွတ် အကြုံဝင်တဲ့ အပစ်ရပ်စဲရေး သဘောတူညီချက်ဖြစ်အောင် ဆက်လက်ဆောင်ရွက်ရမယ်ဆိုတာကို ထိပ်တန်းဦးစားပေးပြီး လုပ်ဆောင်ရတော့မယ်ဆိုတဲ့ အချက်ပါ။ အဲဒီကတဆင့် ရေရှည်တည်တန့် ခိုင်မြဲစေမယ့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ဗဟိုအစိုးရနဲ့ တိုင်းရင်းသားတွေကြား ရရှိအောင် အစောတလင်း ဆက်လက်လုပ်ဆောင်ရပါလိမ့်မယ်။ ဒါကို လုပ်ဆောင်ရာမှာ စစ်တပ်ကိုလည်း ပါဝင်စေဖို့ လိုအပ်ပါတယ်။ စစ်တပ်ဟာ ဒီကိစ္စမှာ သိပ်အရေးကြီးပါတယ်။ အစိုးရသစ်အတွက် ဒီကိစ္စဟာ အရေးအကြီးဆုံးပါ။ ဒါကို မလုပ်ဆောင်နိုင်ရင် တိုးတက်ဖွံ့ဖြိုးမှု သိပ်ရှိလာနိုင်မှာ မဟုတ်ပါဘူး။ ဒါတွေ ပြေလည်မှ ပြည်သူလူထုဘဝ အခက်အခဲတွေ ပြေလျော့ပြီး တိုင်းပြည်လည်း ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com


Posted via Blogaway

ဒ်ါအောင်ဆန်းစုကြည်ပုံကို မဖွယ်မရာပြင်ပြီး ဖြန့်ခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်ကို ရဲကပြန်ဖမ်း


ရွေးကောက်ပွဲမတိုင်ခင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို ညစ်ညမ်းပုံအဖြစ် ပြင်ဆင်ပြီး Facebook လူမှုကွန်ရက်ပေါ်မှာ ဖြန့်ခဲ့တဲ့အတွက် တရားစွဲခံရပြီး အာမ,ခံနဲ့ ပြန်လွတ်နေတဲ့ ဧရာဝတီတိုင်းက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် ဦးသန်းထွန်းကို ကန်ကြီးထောင့် ရဲတပ်ဖွဲ့က ပြန်ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ ဦးသန်းထွန်းကို အီလက်ထရောနစ် ဥပဒေနဲ့ တရားစွဲသင့်တယ်... ဆိုပြီး ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီး ဦးမြတ်ဟိန်းက မှတ်ချက်ပေးခဲ့တဲ့အတွက် ပြန်ဖမ်းလိုက်တာလို့ ကန်ကြီးထောင့် ရဲအရာရှိတဦးကို ကိုးကားပြီး ပြည်တွင်းထုတ် ဧရာဝတီသတင်းမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့က ကန်ကြီးထောင့်မြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မြို့နယ်အောင်နိုင်ရေးခေါင်းဆောင် ဦးသန်းထွန်းဟာ Thu Thu အမည်နဲ့ Facebook အကောင့်မှာ ဒေါ်အောင်ဆန်းစုကြည် မျက်နှာပုံကို အဝတ်အစားမဲ့ခန္ဓာကိုယ်မှာ ဖြတ်ညှပ်ပြုပြင်ပြီး ညစ်ညစ်ညမ်းညမ်း ရေးထားတဲ့ပုံကို တင်ခဲ့တာပါ။ ဒီကိစ္စအတွက် အခမဲ့ပညာ ဒါနကွန်ရက်က ဦးစည်သူအောင်က တရားလိုလုပ်ပြီး တရားစွဲခဲ့ပေမယ့် ရွေးကောက်ပွဲမတိုင်ခင် နိုဝင်ဘာလ ၂ ရက်နေ့မှာ ရဲစခန်းက အာမ,ခံနဲ့ ပြန်လွတ်ပေးခဲ့ပါတယ်။ အခုအခါ ဦးသန်းထွန်းကို ပုသိမ်ထောင်ကို ပို့လိုက်ပြီး အမှုကိုလည်း တရားရုံးကို လွှဲပြောင်းလိုက်တယ်လို့ ဧရာဝတီသတင်းမှာ ဖော်ပြထားပါတယ်။


Posted via Blogaway