Pages

Sunday, November 29, 2015

​ေမြာက်ဥက္ကလာတွင် နေအိမ်ခုနစ်လုံး မီးလောင်မိန်းကလေးငယ်တစ်ဦး မီးလောင်သေဆုံး

 ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် (ဋ)ရပ်ကွက် တွင် ယနေ့နံနက် ဝဝ နာရီ မိနစ် ၄ဝ ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ နေအိမ်ခုနစ်လုံး မီးလောင်ကျွမ်းပြီး မိန်းကလေးငယ်တစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အဆိုပါရပ်ကွက် သပြေခြံ(ကျူးကျော်)ရှိ အိမ်ရှင် ဒေါ်သန်းသန်းဝင်း၏ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း တစ်ထပ်နေအိမ်အတွင်းရှိ ရေစုပ်စက်မော်တာ ဆားဗစ်ကြိုး အပူလွန်ကဲရာမှ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်၍ အနီးရှိ ထရံကို မီးစွဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး အနီးရှိ နေအိမ်များသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

''မီးတောက်တွေ ထွက်လာတော့မှ ပတ်ဝန်းကျင်က သိတာ၊ မီးလောင်တာ အရမ်းမြန်တော့ အနီးဝန်းကျင် အိမ်တွေက ကလေးနဲ့အမျိုးသမီးတွေ ထွက်ပြေးကြတယ်။ အမျိုးသားတွေကတော့ မီးသတ်သမားတွေနဲ့ အတူ မီးငြှိမ်းသတ်နေတာတွေ့ရတယ်''ဟု အဆိုပါမီးလောင်မှု အနီးရှိ ကိုမောင်ဝင်းက ပြောသည်။

မီးလောင်ရာသို့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၇၂ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၅ ဦး၊ ကြက်ခြေနီတပ်ဖွဲ့ဝင် ၅ဝ တို့က မီးငြှိမ်းသတ်ယာဉ် ၁၂ စီး၊ အုပ်ချုပ်မှုယာဉ် လေးစီး၊ တိုင်းကြက်ခြေနီတပ်ဖွဲ့မှ လူနာတင်ယာဉ် နှစ်စီးတို့ဖြင့် ငြှိမ်းသတ်ရာ နံနက် ၁ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

မီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း တစ်ထပ် နေအိမ်ခုနစ်လုံးနှင့် တစ်ခြမ်းမီးလောင်ခဲ့သဖြင့် တန်ဖိုးငွေကျပ် ၁ဝ၂ဝဝဝဝ ခန့် ဆုံးရှုံးခဲ့သည့်အပြင် စတင်လောင်ကျွမ်းသည့် နေအိမ်တစ်အိမ်ကျော်တွင် နေထိုင်သော ဦးဝင်းမြိုင်၏ သမီး မကေသီချို (၉) နှစ်သည် ၎င်း၏အိမ်အတွင်း၌ မီးလောင်သေဆုံးခဲ့သည်။

''မီးလောင်တဲ့ သတင်းရတာနဲ့ မီးသတ်ကားစေလွှတ်မှုကို Level – 1 အဆင့် လွှတ်ခဲ့တယ်။ လမ်းတွေက မီးသတ်ကားဝင်ဖို့ အခက်အခဲရှိလို့ တစ်စီးလောက်ပဲ ဝင်လို့ရခဲ့တယ်။ ကားဝင်လို့ရတဲ့ တစ်လမ်းကျော်ကနေ ပိုက်တွေဆက်ပြီး ငြှိမ်းသတ်ခဲ့ရတယ်။ တစ်အိမ်နဲ့တစ်အိမ် ကပ်နေတဲ့အပြင် ချောင်းနဲ့နီးတော့ လေတိုက်အား ကောင်းပြီး မီးလောင်တာမြန်လို့တစ်အိမ်ကျော်က ကလေးတစ်ဦး မီးလောင်ပြီး အသက်ဆုံးရှုံးခဲ့ရတယ်''ဟု ရန်ကုန် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသော်ဒါကပြောသည်။

မီးလောင်မှုကြောင့် အိမ်ထောင်စု ရှစ်စုမှ အမျိုးသား ၂၂ ဦး၊ အမျိုးသမီး ၃၁ ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပြီး သက်ဆိုင်ရာမှ အဆိုပါရပ်ကွက်အတွင်းရှိ ဗြဟ္မစိုရ်ဓမ္မာရုံ တွင် ခေတ္တမီးဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍ ကူညီ စောင့်ရှောက်မှုများ ပြုလုပ်ပေးလျက်ရှိသည်။

ယင်းမီးလောင်မှုကြောင့် ဒေါ်သန်းသန်းဝင်းအား မြောက်ဥက္ကလာပမြို့မရဲစခန်းက ဥပဒေအရ အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။


Posted via Blogaway

No comments:

Post a Comment