အမေရိကန်အခြေစိုက်
ကမ္ဘာကျော်နည်းပညာကုမ္ပဏီဂူးဂဲလ်က Open-Source ဆော့ဖ်ဝဲလ်ကဏ္ဍ ဖွံ့ဖြိုးလာရန် ပြုလုပ်သည့်Google Code-in ပြိုင်ပွဲကို မြန်မာနိုင်ငံမှ အသက် (၁၃-၁၇)နှစ်အကြား ဆယ်ကျော်သက်အရွယ်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ဖိတ်ခေါ်ထားကြောင်း သတင်းရရှိသည်။
အဆိုပါ Google Code-in ပြိုင်ပွဲသို့ ဒီဇင်ဘာ ၇ ရက်တွင် အွန်လိုင်းမှတစ်ဆင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲနှင့်ပတ်သက်သော လိုအပ်သည့် အကူအညီများပေးရန် အဆင်သင့်ရှိနေကြောင်း Ubuntu Myanmar Loco Team Leader ကိုကိုရဲက ပြောသည်။
‘‘ပြီးခဲ့တဲ့နှစ်တွေက ဒီပြိုင်ပွဲကို ဝင်ပြိုင်မယ့်သူရှိတယ်။ ဒါပေမဲ့ ဘယ်လိုလျှောက်ရမယ်။ ပြိုင်ပွဲအကြောင်းက ဘယ်လိုဆိုတာမသိတော့ ပြိုင်မယ့်သူတွေအတွက် အခက်အခဲရှိတယ်။ ဒီနှစ်ဝင်ပြိုင်ချင်တဲ့သူတွေအတွက် ကျွန်တော်က Guide Line ချပေးလို့ရတယ်။ ကူညီပေးလို့ရတယ်’’ဟု ၎င်းက ဆိုသည်။
ယင်းပြိုင်ပွဲအတွက် Ubuntu အပါအဝင် ကမ္ဘာတစ်ဝန်းရှိ နည်းပညာကုမ္ပဏီ ၁၄ ခုက အဖွဲ့ဝင်အဖြစ် ပါဝင်ထားပြီး ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များကို ကုမ္ပဏီ ၁၄ ခုမှ အဖွဲ့ဝင်များက ကူညီနိုင်ခွင့်ပေးထားသည်။
ပြိုင်ပွဲသည် ၂၀၁၅ ဒီဇင်ဘာ ၇ ရက်မှ ၂၀၁၆ ဇန်နဝါရီ ၂၅ ရက် အထိ ရက်ပေါင်း ၄၉ ရက်ကြာမြင့်မည်ဖြစ်ပြီး ဆုများအဖြစ် ဂူးဂဲလ် အသိအမှတ်ပြုလက်မှတ်၊ ဂူးဂဲလ်ရုံးအခြေစိုက်ရာ အမေရိကန်သို့ လေးရက်ခရီး၊ တီရှပ်နှင့် အနွေး ထည်များ ရရှိမည်ဖြစ်ကြောင်း ဂူးဂဲလ်က ကြေညာထားသည်။
လွန်ခဲ့သည့် ငါးနှစ်ကျော်ကာလအတွင်း ယင်းပြိုင်ပွဲကို နိုင်ငံပေါင်း ၈၇ နိုင်ငံမှ ကျောင်းသားနှစ်ထောင့်နှစ်ရာသုံးဆယ့်သုံးဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Open-Source နှင့်ပတ်သက်၍ တစ်သောင်းနှစ်ထောင်ကျော် လုပ် ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ Google Code-in ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ယခင်က မြန်မာနိုင်ငံအား ပိတ်ပင်ထားပြီး လွန်ခဲ့သည့် ၂ နှစ်မှ စတင်ခွင့်ပြုခဲ့ခြင်းဖြစ်ကာ ပြိုင်ပွဲအပေါ် စိတ်ဝင်စားမှုနည်းပါးနေသေးကြောင်း ကိုကိုရဲက သုံးသပ်သည်။
Posted via Blogaway
No comments:
Post a Comment