Pages

Wednesday, January 6, 2016

မြောက်ကိုရီးယား အရေးကြောင့် အာရှအစုရှယ်ယာ ကျဆင်း



အာရှဒေသ အစုရှယ်ယာ ဈေးကွက် အများအပြား ဒီကနေ့ ဈေးကျ။မြောက်ကိုရီးယား နူကလီးယား စမ်းသပ်မှု လုပ်တဲ့ အပေါ် ရင်းနှီးမြှုပ်နှံသူတွေ စိုးရိမ်ကြတဲ့ အတွက် အာရှဒေသ အစုရှယ်ယာ ဈေးကွက် အများအပြားမှာ ဒီကနေ့ ဈေးကျပါတယ်။ တရုတ်နိုင်ငံရဲ့ အစုရှယ်ယာဈေးကွက် တည်ငြိမ်အောင် လုပ်စရာရှိတာတွေ ကို ဆက်လုပ်သွားမယ်ဆိုတဲ့ သတင်းတွေ ထွက်လာပြီးတဲ့နောက် တရုတ်အစုရှယ်ယာ ဈေးကွက်ကတော့ တည်ငြိမ်သွားပါတယ်။

ဂျပန်နိုင်ငံရဲ့ စံ အစုရှယ်ယာအညွှန်းကိန်း Nikki 225 ဟာ ၁.၃% ကျပြီး တောင်ကိုရီးယားရဲ့ Kospi အညွှန်းကိန်းက ဒဿမ ၅% ကျသွားပါတယ်။ သြစတြေးလျ S&P/ASX 200 အညွှန်းကိန်းက ၁.၃% ကျပါတယ်။

ဟောင်ကောင်ကျွန်းရဲ့ Hang Seng အညွှန်းကိန်းက ဒဿမ ၈% ကျပါတယ်။ ဒါပေမဲ့ ရှန်ဟဲနဲ့ ရှင်ဇန်းက အကြီးဆုံးကုမ္ပဏီတွေ ပါဝင်တဲ့ CSI300 အညွှန်းကိန်းကတော့ ၁.၈% အတက်ပြပြီး ရှန်ဟဲ ပေါင်းစပ် အညွှန်းကိန်းက ၂.၃% တက်ပါတယ်။ အဲဒီ ရှန်ဟဲ ပေါင်းစပ်အညွှန်းကိန်းဟာ တနင်္လာနေ့က ၆.၉% ကျပြီး အင်္ဂါနေ့က ဒဿမ ၃% ဈေးကျခဲ့တာပါ။

တရုတ်နိုင်ငံမှာ ကုမ္ပဏီတခုရဲ့ အစုရှယ်ယာ ၅% ကျော်ထက် ပိုပြီးပိုင်ဆိုင်တဲ့ အစုရှယ်ယာပိုင်ရှင်တွေ သူတို့ရဲ့ အစုရှယ်ယာတွေ ကို မရောင်းဖို့ ပိတ်ပင်ကန့်သတ်ထားတာ ဒီသီတင်းပတ်မှာ သက်တမ်းကုန်တော့မှာပါ။

ဒါပေမဲ့လည်း နောက်ထပ် စည်းမျဉ်းစည်းကမ်းအသစ်တွေ ချမှတ်တဲ့အချိန်ထိ တရုတ်နိုင်ငံ အစုရှယ်ယာနဲ့ အာမခံစာချုပ်စာတမ်း လုပ်ငန်းများဆိုင်ရာ ကော်မရှင် CSRC က အခု ပိတ်ပင်ကန့်သတ်ချက်ကို ဆက်ထားသွားမယ်လို့ ရှန်ဟဲ Securities News သတင်းဌာနကပြောပါတယ်။ မူဝါဒအသစ် ဘယ်တော့ အဆင်သင့်ဖြစ်မယ်ဆိုတာကိုတော့ CSRC က အတိအကျ မပြောပါဘူး။


No comments:

Post a Comment