တူရကီလေတပ်၏ ပစ်ချခြင်းကို ခံခဲ့ရသည့် ရုရှားတိုက်လေယာဉ်မှ လေယာဉ်မှူးတစ်ဦးကို ဆီးရီးယားစစ်တပ်က ကယ်တင်နိုင်ခဲ့ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။
ဆီးရီးယား သမ္မတ ဘာရှာအယ်လ်အာဆက်ဒ်၏ ရန်သူတော်သူပုန်များနှင့် အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို လေကြောင်းမှတိုက်ခိုက်နေသည့် ရုရှား Su-24 လေယာဉ်တစ်စီးသည် တူရကီလေပိုင်နက်ကို ဖြတ်ကျော် ပျံသန်းချိန်တွင် F-16 နှစ်စီး၏ ကြားဖြတ် ပစ်ချခြင်းကို ခံခဲ့ရပြီး ဆီးရီးယားပိုင်နက်ဖက် ပျက်ကျခဲ့သည်။
အဆိုပါ လေယာဉ်ပေါ်မှ လေယာဉ်မှူး တစ်ဦးကို တူရကီအနွယ် ဆီးရီးယားသူပုန် တာ့ခ်မန် လက်နက်ကိုင်အဖွဲ့များက မြေပြင်မှဆီး၍ ပစ်ခတ်သဖြင့် သေဆုံးခဲ့သည်။ အခြားလေယာဉ်မှူးတစ်ဦးမှာလည်း သေဆုံးသွားပြီဟု သတင်းများ ထွက်ပေါ်ခဲ့သည့်တိုင် ယခုအခါတွင်မူ ၎င်းကို မဟာမိတ် ဆီးရီးယားအစိုးရတပ်များက ကယ်တင်နိုင်ခဲ့ပြီဟု ပြင်သစ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အလက်ဇန္ဒား အောလော့ဗ်က Europe 1 ရေဒီယိုသို့ ပြောကြားခဲ့သည်။
အဆိုပါ လေယာဉ်မှူးကို ဆီးရီးယားရှိ ရုရှားစစ်စခန်း တစ်ခုသို့ ခေါ်ယူသွားကြောင်းလည်း ၎င်းက ဆိုသည်။ သို့သော်လည်း ယင်းသတင်းကို မော်စကိုရှိ ရုရှားအစိုးရ ထိပ်တန်းအာဏာပိုင်များက သီးခြားအတည်ပြုမှု မရှိသေးချေ။ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက လေယာဉ်မှူးတစ်ဦးနှင့် ၎င်းတို့ကို ကယ်ဆယ်ရန် ကြိုးစားခဲ့သည့် စစ်ဆင်ရေးတွင် ပါဝင်သူ မရိန်းတပ်ဖွဲ့ဝင်တစ်ဦးမှာမူ သေဆုံးကြောင်း အတည်ပြုထားသည်။
NATO မဟာမိတ်များက ၎င်းတို့၏ အဖွဲ့ဝင် တူရကီဖက်မှ ရပ်တည်ကြောင်း အခိုင်အမာ ကြေညာထားသော်လည်း ကိစ္စတိုင်းကို အတတ်နိုင်ဆုံး သွေးအေးအေး ဖြေရှင်းရန် တောင်းဆိုထားသည်။
ရုရှားသည် ဆီးရီးယားရှိ အိုင်အက်စ်တို့အပြင် အလယ်အလတ် သဘောထားရှိပြီး ဆီးရီးယား သမ္မတ ဘာရှာ အယ်လ်အာဆက်ဒ်တို့ကို တော်လှန်နေသည့် သူပုန်များကိုပါ ဗုံးကြဲလျက် ရှိသည်။ ယခုပစ်ချခံရသည့် တိုက်လေယာဉ်သည်လည်း ဆီးရီးယားနှင့် တူရကီ နယ်စပ်အနီးရှိ တာ့ခ်မန် သူပုန်များကို လာရောက် ဗုံးကြဲသည်ဟု ယူဆရသည်။
ရုရှားနှင့် တူရကီတို့သည် အိုင်အက်စ်တို့ကို ဘုံရန်သူအဖြစ် တိုက်ခိုက်နေသော်လည်း ဆီးရီးယား အရေးတွင် ဆန့်ကျင်ဖက် ရပ်တည်လျက်ရှိသည်။ သမ္မတ ဗလာဒီမာပူတင်၏ ရုရှားအစိုးရက အာဆက်ဒ်ကို ထောက်ခံပြီး တူရကီကမူ ၎င်းကို ဖြုတ်ချရန် အားထုတ်မှုများကို ကူညီပေးလျက် ရှိသည်။
25.11.2015
Posted via Blogaway

No comments:
Post a Comment