Blogger Tips And Tricks|Latest Tips For BloggersFree BacklinksBlogger Tips And Tricks

Monday, December 7, 2015

သော့မဖြုတ်ဘဲ ခေတ္တရပ်ထားသောအငှားယာဉ်ကို ခိုးယူထွက်ပြေးသွားသူ (၂)ဦးအား ဖမ်းဆီးရမိအရေးယူ

၂၉.၁၁.၂၀၁၅ ရက်နေ့ ၂၂၀၀ အချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်နေ ကိုလှထွေးသည် ၎င်းမောင်နှင်သော Probox အဖြူရောင်အငှားယာဉ်အား မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်၊ အုတ်ပုံဆိပ်လမ်းရှိ ဓါတ်ဆီဆိုင်အနီးတွင် ယာဉ်အားသော့မဖြုတ်ဘဲရပ်ထားခဲ့ပြီး ဆီဆိုင်သို့ ဆီဈေးသွားရောက်မေးမြန်းနေစဉ် အမျိုးသား(၂)ဦးမှ ၎င်း၏အငှားယာဉ်ကို ခိုးယူမောင်းနှင်ထွက်ပြေးသွားခဲ့ပါသည်။

ထိုသို့မောင်းနှင်ထွက်ပြေးသွားသဖြင့်ကိုလှထွေးမှ ပတ်ဝန်းကျင်အားအကူအညီတောင်းပြီး နောက်မှလိုက်သွားကာ စုံစမ်းရှာဖွေစဉ် ခိုးယူခံရသည့်မော်တော်ယာဉ်မှာ မြောက်ဥက္ကလာပမြို့နယ်၊(၂)ရပ်ကွက်၊ အာသာဝတီလမ်း၊ အလက(၆)ကျောင်းအနီး၌ အခြားမော်တော်ယာဉ်(၁)စီးအား တိုက်မိခဲ့သဖြင့် ပတ်ဝန်းကျင်ရှိပြည်သူများမှ ၀ိုင်းဝန်းဖမ်းဆီးခဲ့၍ ယာဉ်အားခိုးယူမောင်းနှင်သွားသူ(၂)ဦး အနက် လှိုင်သာယာမြို့နယ်နေ မင်းသူ(ခ)မင်းသူအောင်၊ (၂၂)နှစ်အား ဖမ်းဆီးရမိခဲ့ပြီး အတူပါဝင်ပြီး ထွက်ပြေးလွတ်မြောက်သွားသူမှာ မင်္ဂလာဒုံမြို့နယ်နေ ရဲထွန်းဇော်၊ (၅၀)နှစ်ဖြစ်ကြောင်းသိရှိရပါသည်။

မော်တော်ယာဉ်ခိုးယူသွားကြသူ မင်းသူ(ခ)မင်းသူအောင်နှင့် ရဲထွန်းဇော်တို့(၂)ဦးအား မရမ်းကုန်းမြို့မ ရဲစခန်း(ပ)၅၈၄/၂၀၁၅၊ ပြစ်မှုပုဒ်မ-၃၇၉ားဖြင့် အမှုဖွင့်အရေးယူခဲ့သည့်အပြင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့်အတွက် ယာဉ်ကို ခိုးယူသွားစဉ်မောင်းနှင်သူ မင်းသူ(ခ)မင်းသူအောင်အားမြောက်ဥက္ကလာပမြို့မရဲစခန်း ယာဉ်(ပ)၁၉/၂၀၁၅၊ ပြစ်မှုပုဒ်မ-၂၇၉ ဖြင့် အရေးယူဆောင်ရွက်ခဲ့ပါသည်။

အမှုမှထွက်ပြေးလွတ်မြောက်သွားသူ ရဲထွန်းဇော်အား ဖမ်းဆီးရမိရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ရာ ၎င်းသည် အမှတ်(၄၃)ခရီးသည်တင်ယာဉ်လိုင်းမှ ယာဉ်မောင်းတစ်ဦးဖြစ်ပြီး ၎င်းမောင်းနှင်သည့် ခရီးသည်တင်ယာဉ်မှာ ပျက်နေ၍ မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်ရှိသံသုမာလမ်းတွင်ပြင်နေကြောင်းစုံစမ်းသိရှိရသဖြင့် သွားရောက်စောင့်ဆိုင်းဖမ်းဆီးစဉ် ၃၀.၁၁.၂၀၁၅ ရက်နေ့ ၁၇၃၀ အချိန်တွင် အဆိုပါနေရာ၌ ဖမ်းဆီးရမိခဲ့ပါသည်။

ယင်းသို့ပြစ်မှုကျူးလွန်ခဲ့ကြသူ မင်းသူ(ခ)မင်းသူအောင်နှင့် ရဲထွန်းဇော်တို့(၂)ဦးအား အမှုဖြင့် ဆက်လက်အရေးယူဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိပါသည်။


Posted via Blogaway

No comments: