အန်ဂိုလာ သူပုန်ခေါင်းဆောင်ဟောင်း ဂျိုနက်စ် ဆာဗင်ဘီ၏ မိသားစုက နာမည်ကျော် ကွန်ပျူတာဂိမ်း Call of Dutyအပေါ် မကျေနပ်သဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။
Activision Blizzardက ထုတ်လုပ်သည့် စစ်ပွဲနောက်ခံ ဂိမ်းစီးရီးများသည် ကွန်ပျူတာဂိမ်း နှစ်သက်သူများကြား အထူးရေပန်းစားခဲ့သည်။ သို့သော်လည်း Call of Duty၏ ဂိမ်းစီးရီး တစ်ခုထဲတွင် ဆာဗင်ဘီကို နာမည်ဖျက်သည့် ထည့်သွင်းထားကြောင်း မိသားစုက စွပ်စွဲကာ ဂိမ်းကုမ္ပဏီကို တရားစွဲခဲ့ခြင်း ဖြစ်သည်။
ဆာဗင်ဘီ၏ သားသမီး သုံးဦးက မိမိတို့ ဖခင်ကို အရိုင်းအစိုင်း တစ်ဦးသဖွယ် Activision Blizzardက ပုံဖော်ထားကြောင်း ဆိုသည်။ ထို့အတွက် နစ်နာကြေး ယူရို တစ်သန်းမျှ ရရှိရန်လည်း ၎င်းတို့က တောင်းဆိုထားသည်။ ကုမ္ပဏီဘက်ကမူ ဆာဗင်ဘီကို သရုပ်ဖော်ထားမှုသည် သင့်တင့်မျှတသည့် အခြေအနေမျှသာဖြစ်ကြောင်း တုံ့ပြန်ထားသည်။
ဆာဗင်ဘီသည် ယူနီတာ လှုပ်ရှားမှုခေါ် ပုန်ကန်မှုကို ဦးဆောင်ခဲ့ပြီး ရလဒ်အနေဖြင့် ကာလရှည်ကြာ ပြည်တွင်းစစ်မီးကို အစပြုစေခဲ့သည်။ ထို့အပြင် အန်ဂိုလာသည် စစ်အေးခေတ် ကာလ၏ အာဏာအားပြိုင်ရာ မြေစာပင် နိုင်ငံတစ်ခု ဖြစ်လာပြီး ယူနီတာ လှုပ်ရှားမှုကို အမေရိကန်နှင့် တောင်အာဖရိကတွင် အခြေစိုက်သည့် တော်လှန်ရေး အစိုးရက ထောက်ခံကာ အန်ဂိုလာ၏ အာဏာရ အစိုးရကို ဆိုဗီယက် ယူနီယံနှင့် ကျူးဘားတို့က ပံ့ပိုးခဲ့ကြသည်။
ဆာဗင်ဘီသည် အာဖရိက၏ နာမည်ကျော် သူပုန်တစ်ဦး ဖြစ်ခဲ့ပြီး ၂၀၀၂ ခုနှစ်တွင်မူ အန်ဂိုလာ အစိုးရ တပ်များနှင့် တိုက်ပွဲဖြစ်ပွားရာ၌ ကျဆုံးခဲ့သည်။ ၎င်းမသေဆုံးမီ နှစ်ပိုင်းများတွင် ဆာဗင်ဘီသည် အန်ဂိုလာတွင် ဖြစ်ခဲ့သမျှ ဆိုးကျိုးများအတွက် အဓိက တာဝန်ရှိသူအဖြစ် ပြင်ပကမ္ဘာ၏ မြင်ယောင် သတ်မှတ်ခြင်းကို ခံလာရသည်။ အန်ဂိုလာ ပြည်တွင်းစစ်သည် ၂၇ နှစ်မျှ ကြာမြင့်ခဲ့ပြီး နှစ်ဖက်စလုံးက ရက်စက်ကြမ်းတမ်းစွာ ပြုမူမှုများ ရှိခဲ့သည်။
Call of Duty၏ Balck Ops 2 ဂိမ်းထဲတွင် ဆာဗင်ဘီသည် ၎င်း၏ တော်လှန်ရေး တပ်များကို စုရုံးဆော်ဩကာ “MPLAကို အသေသတ်ကြ”ဟု အော်ဟစ်နေပုံ ထည့်သွင်း ဖော်ပြထားသည်။ MPLAသည် ပေါ်တူဂီထံမှ လွတ်လပ်ရေး ရလာပြီးနောက် အန်ဂိုလာကို အုပ်ချုပ်ခဲ့သည့် နိုင်ငံရေးပါတီ ဖြစ်သည်။ သို့သော်လည်း ဆာဗင်ဘီ၏ မိသားစုက အဆိုပါ သရုပ်ဖော်မှုသည် လွန်ကဲသည်ဟု မှတ်ချက်ပေးကြသည်။
“လူတွေကို လိုက်သတ်နေတာ၊ လူတစ်ယောက်ရဲ့ လက်မောင်းကို ဖြတ်တောက်လိုက်တာတွေက အဖေ့ပုံစံတွေ မဟုတ်ဘူး”ဟု သားဖြစ်သူ ချီယာ ဆာဗင်ဘီက ဆိုသည်။ ဆာဗင်ဘီ၏ သားသမီး သုံးဦးသည် ယခုအခါ ပါရီတွင် နေထိုင်ပြီး Activision Blizzard၏ ပြင်သစ် ဌာနခွဲကို ဦးတည်ကာ တရားစွဲဆိုခဲ့သည်။
Call of Duty စီးရီး ဂိမ်းများသည် ကွန်ပျူတာဂိမ်း လောကတွင် အထူးအောင်မြင် ထင်ရှားပြီး ယမန်နှစ်က ကမ္ဘာပေါ်တွင် ရောင်းအားအကောင်းဆုံး ဂိမ်းအဖြစ် ရပ်တည်ခဲ့သည်။
Thursday, February 4, 2016
Call of Duty ဂိမ်းကို အန်ဂိုလာ သူပုန်ခေါင်းဆောင်ဟောင်း မိသားစု တရားစွဲ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment